About Us

စွမ်းအင်ဝန်ကြီးဌာန

ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန

 နောက်ခံသမိုင်း

၁။      ကိုလိုနီခေတ်အတွင်းနှင့် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသည့်အချိန်မှ ၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိရေနံထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းအားလုံးကို ဘီအိုစီကုမ္ပဏီမှ ပိုင်ဆိုင်ပြီးလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဘီအိုစီကုမ္ပဏီအား နိုင်ငံတော်အစိုးရမှ ပြည်သူပိုင်သိမ်းယူခဲ့ပြီးသတ္တုတွင်းဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်ရှိ အဖွဲ့အစည်း တစ်ခုအဖြစ် သိမ်းသွင်းခဲ့ပါသည်။

၂။ အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းမှုမှာအောက်ပါအတိုင်းဖြစ်ပါသည် –

           (က)  ၁၉၆၃ ခုနှစ်     သတ္တုတွင်းဝန်ကြီးဌာန – ပြည်သူ့ရေနံလုပ်ငန်း

           ( ခ)   ၁၉၇၀ ခုနှစ်     သတ္တုတွင်းဝန်ကြီးဌာန – မြန်မာ့ရေနံကော်ပိုရေးရှင်း

           ( ဂ)   ၁၉၇၅ ခုနှစ် အမှတ်(၂)စက်မှုဝန်ကြီးဌာန၏ကြီးကြပ်မှုအောက်တွင် ၁-၄-၁၉၇၅ ၌ မြန်မာ့ရေနံကော်ပိုရေးရှင်း၊ ရေနံဓါတုဗေဒလုပ်ငန်းကော်ပိုရေးရှင်းနှင့် ရေနံထွက်ပစ္စည်းဖြန့်ဖြူးရောင်းချရေးကော်ပိုရေးရှင်းဟူ၍ ကော်ပိုရေးရှင်း (၃)ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

           (ဃ)  ၁၉၈၅ ခုနှစ်    အထက်ဖော်ပြပါ ကော်ပိုရေးရှင်း(၃)ခုစလုံးကိုစုပေါင်း၍ စွမ်းအင်ဝန်ကြီးဌာန အဖြစ် သီးခြားဝန်ကြီးဌာနဖွဲ့စည်းခဲ့ပါသည်။

           ( င)   ၁၉၈၉ ခုနှစ် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (Myanma Petroleum Products Enterprise) ဟု ၁-၄-၁၉၈၉ ၌ အမည်ပြောင်းခဲ့ပါသည်။ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းသည် မြန်မာ့ရေနံဓာတု ဗေဒလုပ်ငန်းမှ ချက်လုပ်တင်သွင်းသည့် စက်သုံးဆီများကို နိုင်ငံပိုင်ကဏ္ဍသို့ ဖြန့်ဖြူးရောင်းချ ပေးခဲ့ပါသည်။ ၂၀၁၀ ခုနှစ်၊ ဇွန်လမှစ၍ နိုင်ငံပိုင်စက်သုံးဆီ အရောင်းဆိုင်များကို ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များကို ပုဂ္ဂလိကသို့ လွဲပြောင်းရောင်းချပေးခဲ့ပြီးနောက် စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းအား ပုဂ္ဂလိကသို့ လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခဲ့ပြီး MPPE အနေဖြင့်  နိုင်ငံပိုင်ကဏ္ဍသို့ စက်သုံးဆီဖြန့်ဖြူးခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ပုဂ္ဂလိကမှ နိုင်ငံတော်၏ စက်သုံးဆီလိုအပ်ချက်အပြည့်အဝကို ဖြည့်ဆည်းဆောင်ရွက်လာနိုင်သည့် အတွက် စက်သုံးဆီဖြန့်ဖြူးမှုလုပ်ငန်းအားလုံး ရပ်ဆိုင်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

ဦးစီးဌာနအကြောင်း

ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများအား မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းအနေဖြင့် ကြီးကြပ်ထိန်းသိမ်းခြင်း၊ လိုင်စင်ထုတ်ပေးခြင်း စသည့်လုပ်ငန်းများကိုဆောင်ရွက်နေရာမှ ၂၀၁၇ ခုနှစ်တွင် အတည်ပြုပြဌာန်းခဲ့သည့် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပြဌာန်းချက်များနှင့်အညီ ရေနံနှင့်ရေနံ ထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများအား စစ်ဆေးကြီးကြပ်ခြင်း၊ ၎င်းတို့လိုက်နာရမည့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းနှင့် စံချိန်စံညွှန်းများရေးဆွဲသတ်မှတ်ခြင်းတို့ကို ထိရောက်စွာဆောင်ရွက်နိုင်ရန် အတွက် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။