Rule & Regulation

စွမ်းအင်ဝန်ကြီးဌာန

ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ

(၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၀)

၁၃၇၉ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက်

(၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၁ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်များ

၁။ ဤဥပဒေကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေ ဟုခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။

(ခ) ရေနံ ဆိုသည်မှာ ဟိုက်ဒရိုကာဗွန်အရောအနှောဖြစ်သော ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာ (Fossil Fuel) များကို ဆိုသည်။ ယင်းစကားရပ်တွင် ရေနံစိမ်း(Crude Oil) ၊ လေဆီ (Condensate) နှင့် သဘာဝဓာတ်ငွေ့ (Natural Gas) စသည်တို့ပါဝင်သည်။

(ဂ) ရေနံထွက်ပစ္စည်း ဆိုသည်မှာ ရေနံအားချက်လုပ်ခြင်းမှ ထွက်ရှိလာသည့် ပစ္စည်းတစ်မျိုးမျိုးကို ဆိုသည်။ ယင်းစကားရပ်တွင် ဓာတ်ဆီ၊ ဓာတ်ပျံဆီ၊ ဒီဇယ်ဆီ၊ လေယာဉ်ဆီ ၊ ရေနံဆီ၊ မီးထိုးဆီ၊ စက်ဆီ၊ ချောဆီ၊ ဖိအားမြင့် သဘာဝဓာတ်ငွေ့ (Compressed Natural Gas-CNG)၊ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas-LNG)၊ ရေနံဓာတ်ငွေ့ရည် (Liqufied Petroleum Gas-LPG)၊ ရေနံထွက် ပစ္စည်းတစ်မျိုးမျိုးနှင့် ရောစပ်ထားသော ဇီဝလောင်စာဆီများ၊ ဖယောင်း၊ ကတ္တရာစသည်တို့နှင့် ရေနံထွက်ပစ္စည်းအဖြစ် အခါအားလျော်စွာ ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်သတ်မှတ်သည့် ပစ္စည်းများပါဝင်သည်။

(ဃ) မီးလောင်မှတ် (Flash Point) ဆိုသည်မှာ ရေနံ သို့မဟုတ် ရေနံထွက်ပစ္စည်းမှအငွေ့ဖြစ်ပေါ်ပြီး ပြင်ပမှတစ်နည်းနည်းဖြင့် မီးကူးစက်သည့်အခါ မီးလောင်ကျွမ်းမှုချက်ချင်းဖြစ်ပေါ်စေနိုင်သည့် အနိမ့်ဆုံး အပူချိန်ကိုဆိုသည်။

(င) ဘေးအန္တရာယ်ရှိသော ရေနံ (Dangerous Petroleum) ဆိုသည်မှာ မီးလောင်မှတ် ၇၆ ဒီဂရီဖာရင်ဟိုက် သို့မဟုတ် ၂၄.၄၄ ဒီဂရီစင်တီဂရိတ်နှင့် ယင်းအောက်နိမ့်သော အပူချိန်တွင်အလွယ်တကူမီးကူးလောင်နိုင်သည့် ရေနံ သို့မဟုတ် ရေနံထွက်ပစ္စည်းကိုဆိုသည်။

(စ) ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်း ဆိုသည်မှာ ရေနံနှင့် ရေနံထွက်ပစ္စည်းများအား ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြတ်သန်းသယ်ယူခြင်း၊ သိုလှောင်ခြင်း၊ လက်ဝယ်ထားခြင်း၊ ချက်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ စစ်ဆေးခြင်း၊ စမ်းသပ်ခြင်း စသည့်လုပ်ငန်းများကိုဆိုသည်။

(ဆ) ပြည်တွင်းသို့ တင်သွင်းခြင်း ဆိုသည်မှာ ရေနံသို့မဟုတ် ရေနံထွက်ပစ္စည်းကို မြန်မာနိုင်ငံအတွင်း သို့ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း၊ ပိုက်လိုင်းစသည့် နည်းလမ်းတစ်ရပ်ရပ်ဖြင့် တင်သွင်းခြင်း ကိုဆိုသည်။

(ဇ) ပြည်ပသို့တင်ပို့ခြင်း ဆိုသည်မှာ ရေနံ သို့မဟုတ် ရေနံထွက်ပစ္စည်းကို ပြည်ပသို့ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း၊ ပိုက်လိုင်းစသည့် နည်းလမ်းတစ်ရပ်ရပ်ဖြင့် တင်ပို့ခြင်းကိုဆိုသည်။

(ဈ) သယ်ယူပို့ဆောင်ခြင်း (Transportation) ဆိုသည်မှာ ရေနံ သို့မဟုတ် ရေနံထွက်ပစ္စည်းကို မြန်မာနိုင်ငံအတွင်း တစ်နေရာမှ အခြားတစ်နေရာသို့ နည်းလမ်းတစ်ရပ်ရပ်ဖြင့် သယ်ယူပို့ဆောင်ခြင်း ကိုဆိုသည်။

(ည) ဖြတ်သန်းသယ်ယူခြင်း (Transit) ဆိုသည်မှာ ရေနံ သို့မဟုတ် ရေနံထွက်ပစ္စည်းကို မြန်မာနိုင်ငံ နယ်နိမိတ်ကို ဖြတ်၍ နည်းလမ်းတစ်ရပ်ရပ်ဖြင့် ဖြတ်သန်းသယ်ယူခြင်းကိုဆိုသည်။

(ဋ) သိုလှောင်ခြင်း ဆိုသည်မှာ ရေနံ သို့မဟုတ် ရေနံထွက်ပစ္စည်းကို သတ်မှတ်ချက်များနှင့်အညီ နေရာ တစ်ခုခုတွင် ထားသိုခြင်းကိုဆိုသည်။ ယင်းစကားရပ်တွင် ရေနံ သို့မဟုတ် ရေနံထွက်ပစ္စည်းကို လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သော လမ်းကြောင်းဖြင့် သယ်ယူနေစဉ်အတွင်း ခေတ္တထားသိုခြင်းမပါဝင်။

(ဌ) ချက်လုပ်ခြင်း ဆိုသည်မှာ ရေနံကိုရေနံထွက်ပစ္စည်း တစ်မျိုးမျိုးရရှိရန် နည်းစဉ်တစ်ရပ်ရပ်ဖြင့် ချက်လုပ်ခြင်း သို့မဟုတ် ရောနှောခြင်း သို့မဟုတ် ပြုပြင်ပြောင်းလဲခြင်းကို ဆိုသည်။

(ဍ) လက်ဝယ်ထားခြင်း ဆိုသည်မှာ ရေနံ သို့မဟုတ် ရေနံထွက်ပစ္စည်းကို ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်၏ စီမံခန့်ခွဲမှုအောက်တွင် ထားရှိခြင်းကိုဆိုသည်။

(ဎ) ဖြန့်ဖြူးရောင်းချခြင်း ဆိုသည်မှာ ရေနံ သို့မဟုတ် ရေနံထွက်ပစ္စည်းကို အဖိုးစားနားဖြင့် လွှဲပြောင်း ခြင်းကိုဆိုသည်။

(ဏ) စစ်ဆေးခြင်း ဆိုသည်မှာ ရေနံနှင့် ရေနံထွက်ပစ္စည်းများ၏ အရည်အသွေးနှင့် အခြင်အတွယ် ကို စစ်ဆေးခြင်း၊ ယင်းလုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ စစ်ဆေးခြင်း၊ နည်းပညာပိုင်းဆိုင်ရာ စစ်ဆေးခြင်းကိုဆိုသည်။

(တ) စမ်းသပ်ခြင်း ဆိုသည်မှာ ဤဥပဒေအရ ရေနံနှင့် ရေနံထွက်ပစ္စည်းများကို စမ်းသပ်ခြင်းကို ဆိုသည်။

(ထ) စစ်ဆေးရေးအရာရှိ ဆိုသည်မှာ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်း ဆောင်ရွက်သည့် နေရာ တစ်ခုခုကို စစ်ဆေးရန်နှင့် ထိုနေရာတွင် တွေ့ရှိသည့်ရေနံနှင့် ရေနံထွက်ပစ္စည်းတစ်မျိုးမျိုးကို နမူနာယူ ပြီး စမ်းသပ်ရေးအရာရှိထံသို့ ပေးပို့ရန်အတွက် ဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန်၍ တာဝန်ပေးအပ်ထားသောအဖွဲ့ကို ဦးဆောင်သည့်ရေနံ လုပ်ငန်းဆိုင်ရာကျွမ်းကျင်သူ အရာရှိကိုဆိုသည်။

(ဒ) စမ်းသပ်ရေးအရာရှိ ဆိုသည်မှာ ရေနံနှင့် ရေနံထွက်ပစ္စည်းများကို အရည်အသွေးစမ်းသပ်ရန် အတွက် ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍တာဝန်ပေးအပ်ထားသော ရေနံနှင့် ရေနံထွက် ပစ္စည်း၊ အရည်အသွေးစမ်းသပ်ခြင်းဆိုင်ရာ ကျွမ်းကျင်သူ၊ အဖွဲ့အစည်းသို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ဆိုသည်။

(ဓ) စက်အားသုံးယာဉ်၊ စက်ယန္တရား ဆိုသည်မှာ ဤဥပဒေအရ စက်အားရရှိရန် ရေနံထွက်ပစ္စည်း တစ်မျိုးမျိုးကို အသုံးပြုသည့် ယာဉ်၊ စက်ယန္တရားကိုဆိုသည်။

(န) လိုင်စင် ဆိုသည်မှာ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းတစ်ခုခုကို ဆောင်ရွက်ရန်အလို့ငှာ ဤဥပဒေပုဒ်မ ၇၊ ပုဒ်မ ၈၊ ပုဒ်မ ၉ နှင့် ပုဒ်မ ၁၀ တို့အရ ထုတ်ပေးသည့်လိုင်စင်ကိုဆိုသည်။

(ပ) ဂါလန် ဆိုသည်မှာ ဗြိတိသျှစနစ်ဖြင့် ထုထည်ကိုတိုင်းတာသည့် ယူနစ်ဖြစ်ပြီး တစ်ဂါလန်တွင် ၄.၅၄၆ (လေးဒသမငါးလေးခြောက်) လီတာရှိသည်။

(ဖ) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကိုဆိုသည်။

(ဗ) သက်ဆိုင်ရာဝန်ကြီးဌာန ဆိုသည်မှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှတစ်ပါး ဤဥပဒေပါ ပြည်ထောင်စုအဆင့်ရှိ အခြားဝန်ကြီးဌာနတစ်ခုခုကိုဆိုသည်။

(ဘ) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနကိုဆိုသည်။

(မ) စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနကိုဆိုသည်။

(ယ) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကိုဆိုသည်။

(ရ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ဆိုသည်။

(လ) ဝန်ကြီး ဆိုသည်မှာ ပြည်ထောင်စုအစိုးရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို ဆိုသည်။

(ဝ) ကော်မတီ ဆိုသည်မှာ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီကို ဆိုသည်။

အခန်း (၂)

ရည်ရွယ်ချက်

၃။ ဤဥပဒေ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများကို ဥပဒေပြဋ္ဌာန်းချက်များ၊ သတ်မှတ်ထားသော စံချိန်စံညွှန်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ဆောင်ရွက်စေရန်၊

(ခ) ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများကို ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ဆောင်ရွက်စေနိုင်ရန်၊

(ဂ) ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွတ်လပ်၍မျှတသောစျေးကွက် ယှဉ်ပြိုင်မှု ဖြစ်ထွန်းပေါ်ပေါက်စေရန်၊

(ဃ) နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်နှင့် စွမ်းအင်လုံခြုံရေး အာမခံချက်ရှိစေရန်၊

(င) နိုင်ငံတော်အတွက် အခွန်အခများရရှိစေရန်။

အခန်း (၃)

ကော်မတီဖွဲ့စည်းခြင်း

၄။ ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ စနစ်တကျ ထိန်းသိမ်းကြီးကြပ်ကွပ်ကဲနိုင်ရန်အတွက် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီကို သက်ဆိုင်ရာဝန်ကြီးဌာနများ မှ ကိုယ်စားလှယ်များအပါအဝင် အဖွဲ့ဝင်အများဆုံး ၁၅ ဦးဖြင့် ဖွဲ့စည်းရမည်။

၅။ ကော်မတီသည် အောက်ပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်-

(က) သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးဌာနအလိုက် တာဝန်ခံဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ ကို သတ်မှတ်ပေးခြင်း၊

(ခ) တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေး ဆပ်ကော်မတီများကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ဖွဲ့စည်းစေခြင်း၊ လုပ်ငန်းတာဝန်များ သတ်မှတ်ဆောင်ရွက်စေခြင်းနှင့် လိုအပ်ပါက ထပ်ဆင့် ညွှန်ကြားချက်များ ထုတ်ပြန်ဆောင်ရွက်ခြင်း၊

(ဂ) ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းဆောင်ရွက်ရာတွင် လွယ်ကူ မြန်ဆန်မှုရှိစေရန်အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊

(ဃ) ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများကို ဤဥပဒေနှင့် အညီ လုပ်ကိုင်စေရေးအတွက် ထိန်းသိမ်းကြီးကြပ်ခြင်း၊

(င) ရေနံနှင့် ရေနံထွက်ပစ္စည်းများကို သတ်မှတ်ထားသော စံချိန်စံညွှန်း၊ အရည်အသွေး၊ အခြင်အတွယ် ပြည့်မီမှန်ကန်မှုရှိစေရေး ထိန်းသိမ်းကြီးကြပ်ခြင်း၊

(စ) တည်ဆဲဥပဒေတစ်ရပ်ရပ်ကိုဖြစ်စေ၊ သက်ဆိုင်ရာအမိန့်နှင့် ညွှန်ကြားချက်များကို ဖြစ်စေ၊ လိုင်စင် ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ လိုက်နာဆောင်ရွက်ခြင်းမရှိသော ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာလုပ်ငန်းလုပ်ကိုင်သူများအား လိုအပ်သလိုအရေးယူဆောင်ရွက်ခြင်း၊

(ဆ) လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေးနှင့် သဘာဝပတ်ဝန်း ကျင် ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် လမ်းညွှန်ကြီးကြပ်ခြင်း။

၆။ ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လိုအပ်ပါက ကော်မတီကို ပြင်ဆင်ဖွဲ့စည်းခြင်း၊ လုပ်ငန်းတာဝန်များကို ပြင်ဆင်ခြင်း၊ တို့ချဲ့သတ်မှတ်ခြင်းနှင့် ပယ်ဖျက်ခြင်းများပြုလုပ်နိုင်သည်။

အခန်း (၄)

လိုင်စင်လျှောက်ထားခြင်း၊ ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ လိုက်နာရန်စည်းကမ်းသတ်မှတ်ခြင်းနှင့် ကြီးကြပ်ခြင်း

၇။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ရေနံနှင့် ရေနံထွက်ပစ္စည်းတစ်မျိုးမျိုးနှင့် စပ်လျဉ်း၍ အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ရမည်-

(က) ပြည်တွင်းသို့တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်းနှင့် သက်ဆိုင်သည့် လိုင်စင်များ ထုတ်ပေးခြင်း၊

(ခ) ပြည်တွင်းသို့တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်း ပြုရာတွင် သတ်မှတ်ပေးသည့်နေရာ များမှတစ်ပါး အခြားနေရာများမှ တင်သွင်းခြင်း သို့မဟုတ် တင်ပို့ခြင်းကို တားမြစ်ခြင်း၊

(ဂ) ပြည်တွင်းသို့တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်း နှင့်သက်ဆိုင်သော လုပ်ထုံးလုပ်နည်း နှင့် စည်းကမ်းချက်များကို သတ်မှတ်ခြင်း၊

(ဃ) ပြည်တွင်းသို့ တင်သွင်းရန် သို့မဟုတ် ပြည်ပသို့တင်ပို့ရန် လိုင်စင်များအတွက် လျှောက်ထားရန် ကာလ၊ ပုံစံနှင့် စည်းကမ်းချက်များ၊ လိုင်စင်လျှောက်ထားပုံ နည်းလမ်းများ၊ စည်းကြပ်ရမည့် အခများ နှင့် အခြားကိစ္စတစ်ရပ်ရပ်အတွက် လိုအပ်သည်ဟု ယူဆသည့် စည်းကမ်းချက်များကို သတ်မှတ်ခြင်း။

၈။ ဝန်ကြီးဌာနသည် ရေနံနှင့် ရေနံထွက်ပစ္စည်းတစ်မျိုးမျိုးနှင့် စပ်လျဉ်း၍ အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ရမည်-

(က) ချက်လုပ်ခြင်း၊ ဖြတ်သန်းသယ်ယူခြင်း၊ ပိုက်လိုင်းဖြင့် သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချ ခြင်း၊ စစ်ဆေးခြင်း၊ စမ်းသပ်ခြင်းတို့နှင့် သက်ဆိုင်သည့် လိုင်စင်များ ထုတ်ပေးခြင်း၊ လုပ်ငန်းတစ်မျိုး ထက် ပိုမိုဆောင်ရွက်ခြင်းအတွက် နှစ်မျိုးတွဲလိုင်စင်ကို ဖြစ်စေ၊ ပေါင်းစပ်လိုင်စင်ကိုဖြစ်စေ ထုတ်ပေး ခြင်း၊

(ခ) ပုဒ်မခွဲ (က) ပါ လိုင်စင်များအတွက် လျှောက်ထားရန်ကာလ၊ ပုံစံနှင့် စည်းကမ်းချက်များ၊ လိုင်စင် လျှောက်ထားပုံနည်းလမ်းများ၊ ခွင့်ပြုမည့် အာဏာပိုင်နှင့် စည်းကြပ်ရမည့် အခကြေးငွေများကို သတ်မှတ်ခြင်း၊

(ဂ) ချက်လုပ်ခြင်း၊ ဖြတ်သန်းသယ်ယူခြင်း၊ ပိုက်လိုင်းဖြင့် သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချ ခြင်း၊ စစ်ဆေးခြင်း၊ စမ်းသပ်ခြင်းတို့နှင့် သက်ဆိုင်သည့် လုပ်ထုံးလုပ်နည်းများနှင့် စည်းကမ်းချက်များ ကိုသတ်မှတ်ခြင်း၊

(ဃ) ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် တင်ပို့သူ၊ လက်ခံသူ၊ သယ်ယူပို့ဆောင်သူ၊ သိုလှောင်သူများ လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံး လုပ်နည်းများနှင့် စည်းကမ်းချက်များကို သတ်မှတ်ခြင်း၊

(င) သယ်ယူပို့ဆောင်မည့် ထုပ်ပိုးထည့်သွင်းသည့် ပစ္စည်းများ၏ စံချိန်စံညွှန်း၊ အရည်အသွေးနှင့် ပိုက်လိုင်းများအတွက် လုပ်ထုံးလုပ်နည်းများနှင့် စည်းကမ်းချက်များကို သတ်မှတ်ခြင်း၊

(စ) ရေနံနှင့် ရေနံထွက်ပစ္စည်းတစ်မျိုးမျိုးတွင် တည်ဆဲဥပဒေများအရ တားမြစ်ကန့်သတ်ချက်တွင် မပါဝင်သည့် အဆိပ်အတောက်ရှိသော ဓာတုပစ္စည်းနှင့် စက်ပစ္စည်းများကို ထိခိုက်ပျက်စီးစေနိုင်သည့် သတ္တုဓာတ်ပစ္စည်းများ၏ ပါဝင်ရမည့်အချိုးအစားနှင့် ပမာဏကိုသတ်မှတ်ခြင်း၊ တားမြစ်ခြင်း၊

(ဆ) စံချိန်စံညွှန်း၊ အရည်အသွေး၊ အခြင်အတွယ် မှန်ကန်မှုရှိစေရန်အတွက် လုပ်ထုံးလုပ်နည်းများနှင့် စည်းကမ်းချက်များကို သတ်မှတ်ခြင်း၊

(ဇ) စမ်းသပ်စစ်ဆေးမှုများအရ သတ်မှတ်အရည်အသွေးနှင့် မကိုက်ညီသော ရေနံနှင့်ရေနံထွက်ပစ္စည်း တစ်မျိုးမျိုးကို သိမ်းဆည်းခြင်း သို့မဟုတ် အခြားနည်းဖြင့် စီမံခန့်ခွဲခြင်း၊

(ဈ) ချက်လုပ်မည့်နေရာ၊ သိုလှောင်မည့်နေရာနှင့် သိုလှောင်ရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်း များနှင့် စည်းကမ်းချက်များကို သတ်မှတ်ခြင်း၊

(ည) လက်ဝယ်ထားခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့် စပ်လျဉ်း၍ စည်းကမ်းချက်များကိုသတ်မှတ်ခြင်း၊

(ဋ) ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းကို သင့်လျော်သော ထိန်းကွပ်ကြီးကြပ်မှုပြုလုပ်ရန်လိုအပ် သည့် လုပ်ထုံးလုပ်နည်းများနှင့် စည်းကမ်းချက်များ သတ်မှတ်ခြင်း၊

(ဌ) နိုင်ငံတော်၏ စွမ်းအင်ကဏ္ဍ ဖွံဖြိုးတိုးတက်စေရေး၊ စွမ်းအင်လိုအပ်ချက်နှင့် စွမ်းအင်လုံခြုံရေး အာမခံချက်ရှိစေရေးတို့အတွက် သင့်လျော်သည့်အစီအမံများ ချမှတ်ခြင်း၊

(ဍ) သယ်ယူပို့ဆောင်ခြင်း၊ ဖြတ်သန်းသယ်ယူခြင်း၊ စမ်းသပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ ချက်လုပ်ခြင်း တို့ကို လုပ်ထုံးလုပ်နည်းများနှင့် အညီ စစ်ဆေးခြင်း။

၉။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် ရေနံနှင့် ရေနံထွက်ပစ္စည်းတစ်မျိုးမျိုးနှင့် စပ်လျဉ်း ၍အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ရမည်-

(က) ရေနံနှင့် ရေနံထွက်ပစ္စည်းတစ်မျိုးမျိုးကို သယ်ဆောင်သည့် မော်တော်ယာဉ်၊ ရေယာဉ်နှင့်တွဲများ ကို လိုင်စင်ထုတ်ပေးခြင်း၊

(ခ) ပုဒ်မခွဲ (က) ပါ လိုင်စင်များအတွက် လျှောက်ထားရန်ကာလ၊ ပုံစံနှင့် စည်းကမ်းချက်များ လိုင်စင် လျှောက်ထားပုံ နည်းလမ်းများ၊ ခွင့်ပြုမည့်အာဏာပိုင်နှင့် စည်းကြပ်ရမည့် အခကြေးငွေများကိုသတ်မှတ် ခြင်း၊

(ဂ) ရေကြောင်းမှတင်သွင်းခြင်း၊ တင်ပို့ခြင်း၊ သယ်ယူခြင်းဆောင်ရွက်သည့် ရေယာဉ်နှင့်တွဲများအတွက် ဆိပ်ကမ်းများသတ်မှတ်ခြင်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ကြီးကြပ်ခြင်း၊

(ဃ) ရေနံနှင့် ရေနံထွက်ပစ္စည်းများကို ရေကြောင်းမှ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ သယ်ယူခြင်း၊ ဖြန့်ဖြူး ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် ယိုဖိတ်မှုနှင့် မတော်တဆမှု ဖြစ်ပွားပါက တည်ဆဲဥပဒေများနှင့် အညီ လိုအပ်သလို အရေးယူဆောင်ရွက်ခြင်း၊

(င) ပိုက်လိုင်းဖြင့် သယ်ယူပို့ဆောင်ခြင်းမှအပဖြစ်သည့် သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းဆောင်ရွက်ရာ တွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများနှင့် စည်းကမ်းချက်များကိုသတ်မှတ်ခြင်း။

၁၀။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ရေနံနှင့် ရေနံထွက်ပစ္စည်း တစ်မျိုးမျိုးနှင့် စပ်လျဉ်း၍ အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ရမည်-

(က) သိုလှောင်ကန်နှင့် သိုလှောင်ရုံများအတွက် သိုလှောင်ခွင့် လိုင်စင်ထုတ်ပေးခြင်း၊

(ခ) ရေနံနှင့် ရေနံထွက်ပစ္စည်းတစ်မျိုးမျိုးကိုသယ်ဆောင်သည့် မော်တော်ယာဉ်၊ ရေယာဉ်နှင့်တွဲများ အတွက် သယ်ယူခွင့်ခွင့်ပြုမိန့်ကို ထုတ်ပေးခြင်း၊

(ဂ) ပုဒ်မခွဲ (က) ပါ လိုင်စင်နှင့် ပုဒ်မခွဲ (ခ) ပါ ခွင့်ပြုမိန့်တို့အတွက် လျှောက်ထားရန် ကာလ၊ ပုံစံနှင့် စည်းကမ်းချက်များ၊ လျှောက်ထားပုံနည်းလမ်းများ၊ ခွင့်ပြုမည့် အာဏာပိုင်နှင့် စည်းကြပ်ရမည့် အခကြေးငွေများကိုသတ်မှတ်ခြင်း၊

(ဃ) ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှုများ ဖြစ်ပွားပါက ကွင်းဆင်းစစ်ဆေးခြင်း တည်ဆဲဥပဒေများနှင့်အညီ လိုအပ်သလိုအရေးယူဆောင်ရွက်ခြင်း၊

(င) သိုလှောင်ကန်နှင့် သိုလှောင်ရုံများ၊ ရေနံနှင့် ရေနံထွက်ပစ္စည်းတစ်မျိုးမျိုးကို သယ်ဆောင်သည့် မော်တော်ယာဉ်၊ ရေယာဉ်တွဲများရှိ သိုလှောင်ကန်များ၏ စံချိန်စံညွှန်းအရည်အသွေးနှင့် သက်ဆိုင်သည့် လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းသတ်မှတ်ခြင်း။

၁၁။ ဘေးအန္တရာယ်ရှိသော ရေနံနှင့် ရေနံထွက်ပစ္စည်းတစ်မျိုးမျိုးပါရှိသည့် ထုပ်ပိုးထည့်သွင်းပစ္စည်း အားလုံးတွင် တံဆိပ်နှိပ်ခြင်း၊ ဖောင်းကြွပုံဖော်ခြင်း၊ ဆေးဖြင့်ရေးသားခြင်း၊ ပုံနှိပ်ခြင်းတို့ဖြင့် ဖြစ်စေ၊ အခြားနည်းတစ်ရပ်ရပ်ဖြင့်ဖြစ်စေ အန္တရာယ်သတိပေးချက်ကို ဖော်ပြရမည်။ ထိုသို့ ဖော်ပြရန်မဖြစ်နိုင် ပါကထုတ်ပိုးထည့်သွင်း ပစ္စည်းအနီး၌ ဓာတ်ဆီ၊ အရက်ပျံ သို့မဟုတ် ရေနံ၏ဘေးအန္တရာယ်ရှိသည့် သဘာဝကိုသတိပေးသည့် အလားတူသတိပေးချက်ကို မြင်သာသည့်နေရာတွင် ထင်ရှားသော စာလုံးများ ဖြင့်ဖြစ်စေ၊ သင်္ကေတဖြင့်ဖြစ်စေ ရေးသားဖော်ပြရမည်။

၁၂။ ပုဒ်မ ၁၁ ပါပြဋ္ဌာန်းချက်သည် အောက်ပါထုပ်ပိုးထည့်သွင်း ပစ္စည်းတစ်ခုခုနှင့် သက်ဆိုင်ခြင်းမရှိစေရ-

(က) နှစ်ဂါလန် ပမာဏအောက်လျော့နည်းသည့် ဘေးအန္တရာယ်ရှိသော ရေနံကို အဖုံးလုံခြုံစွာဖြင့် ထည့်သွင်းထားသည့် ဖန်ထည်၊ ကျောက်ထည် သို့မဟုတ် သတ္တုထည်တစ်ခုခု၊

(ခ) ရေနံနှင့် ရေနံထွက်ပစ္စည်းတစ်မျိုးမျိုးသုံးသည့် စက်အားသုံးယာဉ်၊ စက်ယန္တရားတွင်တွဲလျက်ပါဝင် သော တိုင်ကီ၊

(ဂ) မြေအောက်တွင်လုံးဝမြှုပ်ထားသော သိုလှောင်ကန်၊

(ဃ) ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ဤပုဒ်မ နှင့် သက်ဆိုင်ခြင်းမှ ကင်းလွတ်ခွင့်ပြုထား သော ထုပ်ပိုးထည့်သွင်းပစ္စည်း အတန်းအစားတစ်ခုခု။

၁၃။ ရေနံနှင့် ရေနံထွက်ပစ္စည်းတစ်မျိုးမျိုး သယ်ယူပို့ဆောင်သည့် ပိုက်လိုင်းတစ်လျှောက်တွင် အန္တရာယ် အမှတ်အသား သတိပေးချက်ကို ထင်သာမြင်သာရှိသော စာဖြင့်ဖြစ်စေ၊ သင်္ကေတဖြင့်ဖြစ်စေ ရေးသား ဖော်ပြရမည်။

၁၄။ ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်၍ရေနံနှင့် ရေနံထွက်ပစ္စည်းတစ်မျိုးမျိုးကို ဤအခန်းပါ ပြဋ္ဌာန်းချက်တစ်ခုခုမှ ခြွင်းချက်ပေးနိုင်သည်။

၁၅။ ဘေးအန္တရာယ်မရှိသော ရေနံနှင့် ရေနံထွက်ပစ္စည်းများကို ပြည်တွင်း၌ သယ်ယူပို့ဆောင်ခြင်း သို့မဟုတ် သိုလှောင်ခြင်းပြုလုပ်လိုသူသည် စုစုပေါင်း ဂါလန် ၅၀၀ ထက်ပိုမိုလျှင် လိုင်စင်ရယူရမည်။ သို့ရာတွင် ဂါလန် ၅၀၀ နှင့် အောက်ရှိသော ပမာဏကို ထားသိုရာတွင် ဂါလန် ၂၀၀ ထက်မကျော်လွန် သည့် ထုပ်ပိုးထည့်သွင်းသည့် ပစ္စည်းကိုအသုံးပြုရမည်။

၁၆။ မည်သူမဆို ရောင်းချရန်မရည်ရွယ်သည့် ခြောက်ဂါလန် ထက်မပိုသော ဘေးအန္တရာယ်ရှိသော ရေနံနှင့် ရေနံထွက်ပစ္စည်းတစ်မျိုးမျိုးကို လိုင်စင်ရယူရန်မလိုဘဲ သိုလှောင်ခြင်း၊ ပြည်တွင်းသို့ တင်သွင်း ခြင်း သို့မဟုတ် သယ်ယူပို့ဆောင်ခြင်းပြုနိုင်သည်။

၁၇။ ပုဒ်မ ၁၆ အရ ဘေးအန္တရာယ်ရှိသော ရေနံနှင့် ရေနံထွက်ပစ္စည်းတစ်မျိုးမျိုးကို ထားသိုလိုပါက အဖုံး လုံခြုံသည့် ဖန်ထည်၊ ကျောက်ထည် သို့မဟုတ် သတ္တုထုတ်ပိုး ထည့်သွင်းပစ္စည်းတွင် ထည့်သွင်းထားသို ရမည်။ ဖန်ထည် သို့မဟုတ် ကျောက်ထည် ထုပ်ပိုးထည့်သွင်းပစ္စည်းတွင် ထားသိုလျှင် သုညဒသမနှစ်ငါး ဂါလန် ပမာဏထက်မပိုစေရ။ သတ္တုထုပ်ပိုးထည့်သွင်းပစ္စည်းတွင် ထားသိုလျှင် ငါးဂါလန်ပမာဏ ထက်မပိုစေရ။

၁၈။ စက်အားသုံးယာဉ် စက်ယန္တရားတို့၏ ယာဉ်မောင်း၊ ရေယာဉ်မှူး၊ ပိုင်ရှင်တို့သည် ရေနံနှင့် ရေနံထွက်ပစ္စည်းတစ်မျိုးမျိုးကို အသုံးပြုသောစက်အားသုံးယာဉ်နှင့် စက်ယန္တရားများတွင် တပ်ဆင် ထားသည့် မူလသိုလှောင်ကန်တွင်ပါရှိသည့် ရေနံနှင့် ရေနံထွက်ပစ္စည်းအပြင် အားသုံးယာဉ်၊ စက်ယန္တရားများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသည့် ဘေးအန္တရာယ်ရှိသော ဂါလန် ၂၀ ပမာဏထက်မပိုသည့် ရေနံနှင့် ရေနံထွက်ပစ္စည်းများကို တင်သွင်းခြင်း၊ သယ်ယူခြင်း၊ သိုလှောင်ခြင်းတို့ အတွက် လိုင်စင်သို့မဟုတ် ခွင့်ပြုချက်ရယူရန်မလို။

အခန်း (၅)

ရေနံနှင့် ရေနံထွက်ပစ္စည်းကို စမ်းသပ်ခြင်း

၁၉။ ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာထုတ်ပြန်၍ မိမိဝန်ကြီးဌာန၏ ရေနံလုပ်ငန်းဆိုင်ရာ ကျွမ်းကျင် သူအရာ ရှိတစ်ဦးဦးကိုဖြစ်စေ၊ ဝန်ကြီးဌာနမှ ရေနံနှင့် ရေနံထွက်ပစ္စည်းအရည်အသွေးစမ်းသပ်ခြင်း အတွက် လိုင်စင်ထုတ်ပေးထားသော အခြားအဖွဲ့အစည်းတစ်ခုခုကိုဖြစ်စေ၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်းပြုလုပ်မည့် ရေနံနှင့် ရေနံထွက်ပစ္စည်းကို သတ်မှတ်ချက်များနှင့်အညီ နမူနာရယူပြီး စမ်းသပ်ရေးအရာရှိထံ ပေးပို့၍ စမ်းသပ်စစ်ဆေးရမည်။

၂၀။ ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာထုတ်ပြန်၍ မိမိဝန်ကြီးဌာန၏ ရေနံလုပ်ငန်းဆိုင်ရာ ကျွမ်းကျင် သူအရာရှိတစ်ဦးက စစ်ဆေးရေးအရာရှိအဖြစ် ဦးဆောင်သည့်အဖွဲ့အား ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာ လုပ်ငန်းဆောင်ရွက်သည့်နေရာတစ်ခုခုကို ဝင်ရောက်စစ်ဆေးရန်နှင့် ထိုနေရာတွင် တွေ့ရှိသည့် ရေနံနှင့် ရေနံထွက်ပစ္စည်းတစ်မျိုးမျိုးကိုနမူနာယူပြီး စမ်းသပ်ရေးအရာရှိထံသို့ ပေးပို့၍ စမ်းသပ်စစ်ဆေး နိုင်သည်။

၂၁။ ဝန်ကြီးဌာနသည်အောက်ပါတို့ကို ဆောင်ရွက်ရမည်-

(က) စမ်းသပ်ရန်အတွက် ရေနံနှင့်ရေနံထွက်ပစ္စည်း နမူနာယူခြင်းဆိုင်ရာ စည်းကမ်းချက်များသတ် မှတ်ခြင်း၊

(ခ) စမ်းသပ်ရန် နမူနာရယူခြင်းအတွက် ကျသင့်စရိတ်နှင့် ငွေပေးချေရမည့် နည်းလမ်းကိုသတ်မှတ် ခြင်း၊

(ဂ) ဤပုဒ်မအရ လုပ်ပိုင်ခွင့်များကို ကျင့်သုံးမည့် ပုဂ္ဂိုလ်များအတွက် လုပ်ထုံးလုပ်နည်းများကိုသတ် မှတ်ခြင်း။

၂၂။ စမ်းသပ်သည့်အရာရှိ သို့မဟုတ် စမ်းသပ်ခြင်းလိုင်စင်ရ အဖွဲ့အစည်းသည် ရေနံနှင့်ရေနံထွက်ပစ္စည်း များကို စမ်းသပ်စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ အောက်ပါတို့ကို ဆောင်ရွက်ရမည်-

(က) ရေနံနှင့် ရေနံထွက်ပစ္စည်းများ၏ မီးလောင်မှတ်နှင့် အခြားအရည်အသွေး စစ်ဆေးမှုတို့ကိုစံချိန် စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ သတ်မှတ်ထားသည့် စမ်းသပ်ကိရိယာဖြင့် စမ်းသပ်အတည် ပြုခြင်း၊

(ခ) စမ်းသပ်ကိရိယာများကို အခါအားလျော်စွာ စစ်ဆေးအတည်ပြုခြင်း၊ မှန်ကန်အောင်ပြုလုပ်ခြင်းနှင့် လိုအပ်သည့်အခါ အစားထိုးလဲလှယ်ခြင်း၊

(ဂ) စမ်းသပ်ခြင်းအတွက် သတ်မှတ်ထားသည့် အဖိုးအခပေးသွင်းပါက စမ်းသပ်မှုကိရိယာဖြင့်စမ်းသပ် စစ်ဆေးပေးခြင်း။

၂၃။ စမ်းသပ်ခြင်းလိုင်စင်ရ အဖွဲ့အစည်းတစ်ခုခု၏ စမ်းသပ်ကိရိယာဖြင့် တိုင်းတာရရှိထားသော အချက် အလက်များကို ထပ်မံစမ်းသပ် စစ်ဆေးပေးရန်အတွက် ဝန်ကြီးဌာနသို့တင်ပြလာပါက သတ်မှတ်ထား သော စမ်းသပ်ခပေးသွင်းစေပြီး စမ်းသပ်ကိရိယာများဖြင့် စမ်းသပ်၍ ရရှိလာသည့် အချက်အလက်များ ကိုစံသတ်မှတ်ချက်များနှင့် နှိုင်းယှဉ်ဖော်ပြပေးရမည်။

၂၄။ ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာထုတ်ပြန်၍ မိမိဝန်ကြီးဌာန၏အရည်အသွေးဆိုင်ရာ ကျွမ်းကျင် သူအရာရှိတစ်ဦးဦးကိုဖြစ်စေ၊ စမ်းသပ်ခြင်းလိုင်စင်ရ အဖွဲ့အစည်းတစ်ခုခုကိုဖြစ်စေ ရေနံနှင့် ရေနံထွက် ပစ္စည်းကို စမ်းသပ်ရန်နှင့် ယင်းစမ်းသပ်မှုများ၏ရလဒ်ကို သက်သေခံလက်မှတ်ထုတ်ပေးရန် စမ်းသပ် ရေးအရာရှိအဖြစ် လုပ်ပိုင်ခွင့်အပ်နှင်းနိုင်သည်။

၂၅။ စမ်းသပ်ရေးအရာရှိသည်-

(က) ရေနံနှင့် ရေနံထွက်ပစ္စည်းနမူနာများကို စမ်းသပ်ပြီးနောက် သတ်မှတ်ထားသည့် ပုံစံတွင်သတ်မှတ် စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိမရှိ ဖော်ပြသည့် စမ်းသပ်မှုသက်သေခံလက်မှတ်ထုတ်ပေးရမည်။

(ခ) သက်ဆိုင်ရာပုဂ္ဂိုလ်က တောင်းဆိုပါက သတ်မှတ်ထားသည့် အခကြေးငွေပေးသွင်းလျှင် သက်သေခံ လက်မှတ်၏ မိတ္တူမှန်ကို ထုတ်ပေးရမည်။ ယင်းမိတ္တူမှန်ကို တရားရုံးတွင် သက်သေခံအဖြစ်တင်ပြနိုင် သည်။

၂၆။ စမ်းသပ်ရေးအရာရှိ၏ စမ်းသပ်မှု ရလဒ်ကို ကျေနပ်မှုမရှိသော ပိုင်ရှင် သို့မဟုတ် ယင်း၏ကိုယ်စား လှယ်သည် ယင်းရလဒ်ကို ရရှိသည့်နေ့ရက်မှစ၍ ခုနှစ်ရက်အတွင်း ထပ်မံစမ်းသပ်ပေးရန်ဝန်ကြီးဌာနသို့ လျှောက်ထားနိုင်သည်။

၂၇။ ပုဒ်မ ၂၆ အရလျှောက်ထားပါက သတ်မှတ်ထားသော အခကြေးငွေကိုပေးသွင်းလျှင် ဝန်ကြီးဌာန၏ စမ်းသပ်ရေးအရာရှိက ထပ်မံစမ်းသပ်ပေးရမည်။

၂၈။ ပုဒ်မ ၂၇ နှင့် အညီ ထပ်မံစမ်းသပ်ချက်အရ မူလစမ်းသပ်မှုသည် မှားယွင်းကြောင်း ပေါ်ပေါက်လျှင် ဝန်ကြီးဌာန၏ စမ်းသပ်ရေးအရာရှိသည် မူလသက်သေခံလက်မှတ်ကို ပယ်ဖျက်၍ စမ်းသပ်မှုသက်သေခံလက်မှတ်အသစ် ထုတ်ပေးရမည်။

၂၉။ ဝန်ကြီးဌာနသည် အောက်ဖော်ပြပါ ရေနံနှင့် ရေနံထွက်ပစ္စည်း စမ်းသပ်စစ်ဆေးမှုဆိုင်ရာ သတ်မှတ် ခြင်းများနှင့် စပ်လျဉ်း၍လိုအပ်သည့် စည်းကမ်းချက်များကို အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်နိုင် သည်-

(က) ရေနံနှင့် ရေနံထွက်ပစ္စည်းစမ်းသပ်မှုနှင့် စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်များ၊ စည်းမျဉ်းနှင့် စည်းကမ်းများသတ်မှတ်ခြင်း၊

(ခ) ရေနံနှင့် ရေနံထွက်ပစ္စည်းစမ်းသပ်မှု သက်သေခံလက်မှတ်ပုံစံနှင့် ယင်းအတွက် စည်းကြပ်မည့် အဖိုးအခများကို သတ်မှတ်ခြင်း၊

(ဂ) လိုင်စင်ရအဖွဲ့အစည်းတစ်ခုခု၏ ရေနံနှင့်ရေနံထွက်ပစ္စည်းနှင့် စပ်လျဉ်း၍ စမ်းသပ်သည့်အရည် အသွေး ရလဒ်အပေါ်လိုအပ်ပါက ပြန်လည်စစ်ဆေးရန် စည်းမျဉ်းနှင့် စည်းကမ်းများသတ်မှတ်ခြင်း၊

(ဃ) ပြန်လည်စမ်းသပ်ခြင်းအတွက် အဖိုးအခများ သတ်မှတ်ခြင်းနှင့် မူလစမ်းသပ်မှုသည် မှားယွင်းပါက ယင်းအဖိုးအခများကို ပြန်လည်ထုတ်ပေးရန်သတ်မှတ်ခြင်း။

အခန်း (၆)

တားမြစ်ချက်များ

၃၀။ မည်သူမျှ ဤဥပဒေအရ လိုင်စင်ရယူရန် လိုအပ်သည့်လုပ်ငန်း သို့မဟုတ် ဆောင်ရွက်မှုတစ်ခုခုကို သက်ဆိုင်ရာလိုင်စင်မရရှိဘဲ လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ။

၃၁။ လိုင်စင်ရရှိသူ မည်သူမျှ-

(က) ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့် စည်းကမ်းချက်တစ်ခုခုပါတားမြစ်ချက် တစ်ရပ်ရပ် ကို ဖောက်ဖျက်ခြင်း သို့မဟုတ် ဆောင်ရွက်ရန် တာဝန်ကိုပျက်ကွက်ခြင်းမရှိစေရ၊

(ခ) ဘေးအန္တရာယ်ရှိသော ရေနံနှင့် ရေနံထွက်ပစ္စည်းတစ်မျိုးမျိုးပါရှိသည့် ထုပ်ပိုးထည့်သွင်းပစ္စည်းနှင့် သယ်ယူပို့ဆောင်သည့် ယာဉ်နှင့် ပိုက်လိုင်းများတွင် အန္တရာယ်အမှတ်အသား သတိပေးချက်များကို ထင်ရှားအောင် ရေးသားဖော်ပြခြင်းမပြုဘဲ သုံးစွဲခြင်းမပြုရ၊

(ဂ) ဘေးအန္တရာယ်ရှိသော ရေနံနှင့်ရေနံထွက်ပစ္စည်းကိုဖြစ်စေ၊ ဘေးအန္တရာယ်မရှိသော ရေနံနှင့် ရေနံထွက်ပစ္စည်းကိုဖြစ်စေ ဤဥပဒေပါ သတ်မှတ်ထားသည့် နည်းလမ်းများမှတစ်ပါးတင်သွင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း မပြုရ၊

(ဃ) ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက်မှုများ အပေါ် တာဝန်ခံမှုမရှိဘဲ ဆောင်ရွက်ခွင့်မရှိစေရ၊

(င) စံချိန်စံညွှန်း၊ အရည်အသွေးနှင့် အခြင်အတွယ် ပြည့်မီမှန်ကန်မှုမရှိသော ရေနံနှင့်ရေနံထွက်ပစ္စည်း များကို ဖြန့်ဖြူးရောင်းချခြင်းမပြုရ။

၃၂။ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်း လုပ်ကိုင်နေသူမည်သူမျှ ရေနံနှင့် ရေနံထွက်ပစ္စည်း တစ်မျိုးမျိုးကို ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ သိုလှောင်ခြင်း၊ ချက်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းပြုသည့် နေရာတစ်ခုခုကိုဖြစ်စေ၊ သယ်ယူပို့ဆောင်ဆဲ အချိန်တွင်ဖြစ်စေ၊ အခွင့် အာဏာအပ်နှင်းထားသော အရာရှိ သို့မဟုတ် အဖွဲ့အစည်းက ရေနံနှင့် ရေနံထွက်ပစ္စည်းကိုဖြစ်စေ၊ ထုပ်ပိုးထည့်သွင်းပစ္စည်းကိုဖြစ်စေ သယ်ယူပို့ဆောင်သည့် စက်အားသုံးယာဉ်၊ စက်ယန္တရား၊ ရေယာဉ်၊ ပိုက်လိုင်းတို့ကို စစ်ဆေးရန်နှင့် ရေနံနှင့် ရေနံထွက်ပစ္စည်းနမူနာရယူလိုကြောင်း တင်ပြလာပါက သင့်လျော်သော အကူအညီတောင်းခံခြင်းကို ငြင်းဆန်ခြင်းမပြုရ။

၃၃။ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းတစ်မျိုးမျိုးကြောင့် ပေါက်ကွဲမှု သို့မဟုတ် မီးလောင်မှုဖြစ်ပွားလျှင် ဖြစ်စေ၊ ရေနံနှင့် ရေနံထွက်ပစ္စည်းထားရှိရာနေရာနှင့် ယင်းအနီးအနားတွင် မီးလောင်မှု ဖြစ်ပွားတန်ရာရှိလျှင်ဖြစ်စေ အဆိုပါလုပ်ငန်းကို ကြီးကြပ်အုပ်ချုပ်သူမည်သူမျှ အနီးဆုံး သက်ဆိုင်ရာ အာဏာပိုင်ထံ ချက်ချင်းသတင်းပို့ရန်နှင့် မတော်တဆဖြစ်ရပ်တစ်ခုခုနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို ပေးရန် ပျက်ကွက်မှုမရှိစေရ။

အခန်း (၇)

စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း

၃၄။ လိုင်စင်ရရှိသူသည် ပုဒ်မ ၃၁၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ)ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ကျူးလွန် လျှင် သက်ဆိုင်ရာ လိုင်စင်ထုတ်ပေးသည့်လုပ်ငန်း၊ ဌာနသည် လိုင်စင်ရရှိသူအား အောက်ပါစီမံခန့်ခွဲရေး ဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) သတိပေးခြင်း၊

(ခ) သတ်မှတ်ထားသော ဒဏ်ကြေးငွေ တပ်ရိုက်ခြင်း၊

(ဂ) လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း၊

(ဃ) လိုင်စင်ကို အမြဲတမ်း ရုပ်သိမ်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း။

၃၅။ ပုဒ်မ ၃၄ အရ လိုင်စင်ထုတ်ပေးသည့် လုပ်ငန်းသို့မဟုတ် ဌာနက ချမှတ်သည့် စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို မကျေနပ်သူသည် ယင်းအမိန့်ချမှတ်သည့် နေ့မှရက် ၃၀ အတွင်း လိုင်စင်ထုတ်ပေး သည့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနသို့ အယူခံဝင်ရောက်နိုင်သည်။ ယင်းဝန်ကြီးဌာနက သက်ဆိုင်ရာ လိုင်စင်ထုတ်ပေးသည့် လုပ်ငန်းသို့မဟုတ် ဌာနက ချမှတ်သည့် စီမံခန့်ခွဲရေးဆိုင်ရာ အမိန့် ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။ သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးဌာန၏ အမိန့်သည် အပြီးအပြတ်အတည်ဖြစ်သည်။

၃၆။ လိုင်စင်ထုတ်ပေးသည့် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနသည် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများပါ သတ်မှတ်ချက်များနှင့် အညီ မည်သည့်လိုင်စင်ကိုမဆို ဆိုင်းငံ့ခြင်း၊ ရုပ်သိမ်းခြင်း၊ ရပ်စဲခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။ ထို့ပြင်မူလကသတ်မှတ်ထားသော လိုင်စင်စည်းကမ်း ချက်များကိုလည်း ပြင်ဆင်သတ်မှတ်နိုင်သည်။

အခန်း (၈)

ပြစ်မှုနှင့် ပြစ်ဒဏ်များ

၃၇။ မည်သူမဆို ပုဒ်မ ၃၀ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်သိန်း ၅၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည့်အပြင် ပြစ်မှု ကျူးလွန်ခြင်းနှင့် သက်ဆိုင် သောပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။

၃၈။ မည်သူမဆို ပုဒ်မ ၃၇ အရ ပြစ်ဒဏ်စီရင်ခံရပြီးနောက်၊ ထိုပြစ်မှုကို ထပ်မံကျူးလွန်ကြောင်းပြစ်ဒဏ် စီရင်ခံရလျှင် နှစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်း ၁၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည့်အပြင် ပြစ်မှု ကျူးလွန်ခြင်းနှင့် သက်ဆိုင်သောပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းခံရမည်။

၃၉။ လိုင်စင်ရရှိသူ မည်သူမဆို-

(က) ပုဒ်မ ၃၁၊ ပုဒ်မခွဲ (ဂ) နှင့် ပုဒ်မခွဲ (ဃ) ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံးကျပ်သိန်း ၅၀ အထိ ငွေဒဏ်ချမှတ်ခြင်းခံရမည်။

(ခ) ပုဒ်မ ၃၁၊ ပုဒ်မခွဲ (င) ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ်သိန်း ၅၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်။

၄၀။ မည်သူမဆို ပုဒ်မ ၃၂ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ်သိန်း ၅၀ အထိငွေဒဏ်ချမှတ်ခြင်းခံရမည်။

၄၁။ ကြီးကြပ်အုပ်ချုပ်သူမည်သူမဆို ပုဒ်မ ၃၃ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး ကျပ်သိန်း ၅၀ အထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ခြင်းခံရမည်။

အခန်း (၉)

အထွေထွေ

၄၂။ ဝန်ကြီးဌာနသည် ရေနံနှင့် ရေနံထွက်ပစ္စည်း လုပ်ငန်းဆောင်ရွက်ရန်အတွက် အနည်းဆုံးရှိရမည့် ဧရိယာ အကျယ်အဝန်းနှင့် အကွာအဝေးကို သတ်မှတ်ပေးရမည်။ မည်သူမျှ ယင်းသတ်မှတ်ပေးထားသည့် နယ်နိမိတ်အတွင်း မီးဘေးအန္တရာယ်ဖြစ်ပေါ်စေနိုင်သည့် ဆောင်ရွက်မှုတစ်စုံတစ်ရာကို မပြုလုပ်ရ။

၄၃။ တရားရုံးသည် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရရှိသည့် သက်သေခံပစ္စည်းများအား ဝန်ကြီးဌာန နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ လွှဲပြောင်းပေးရမည်။

၄၄။ ဤဥပဒေမပြဋ္ဌာန်းမီက တည်ထောင်ထားသော ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်း ဆောင်ရွက်သူသည် ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံခန့်ခွဲမှုအစီအစဉ် ရေးဆွဲ၍ ဤဥပဒေအရ လိုင်စင်သို့မဟုတ် ခွင့်ပြုမိန့်ထုတ်ပေးမည့် ဝန်ကြီးဌာနသို့တင်ပြရမည်။ ယင်းဝန်ကြီးဌာနသည် တင်ပြလာသည့် စီမံခန့်ခွဲမှုအစီအစဉ်ကို စိစစ်သုံးသပ်၍ ကျေနပ်မှုရှိပါက အတည် ပြုရမည်။ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်သူသည် ဝန်ကြီးဌာနက သတ်မှတ်ပေး သည့်အချိန်ကာလအတွင်း မိမိလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်။

၄၅။ ဝန်ကြီးဌာနသည် မိမိဌာနအောက်ရှိ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုခုကို ပြည်ထောင်စုအစိုးရအဖွဲ့ ၏ သဘောတူညီချက်ဖြင့် အများနှင့် သက်ဆိုင်သော ကော်ပိုရေးရှင်းအဖြစ် သင့်လျော်သည့် အချိန်တွင် တည်ထောင်ဆောင်ရွက်နိုင်သည်။

၄၆။ ဤဥပဒေအရ အရေးယူသည့် ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ်မှတ်ယူရမည်။

၄၇။ The Petroleum Act. (INDIA Act xxx, 1934) အရထုတ်ပြန်ခဲ့သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများသည် ဤဥပဒေနှင့် မဆန့်ကျင်သမျှ ဆက်လက်ကျင့်သုံးနိုင်သည်။

၄၈။ The Petroleum Act. (INDIA Act XXX, 1934) အရ ထုတ်ပေးခဲ့သော လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်များကို ဤဥပဒေအရ ထုတ်ပေးသော လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်များအဖြစ် မှတ်ယူ၍ ယင်းတို့တွင်ပါရှိသော သက်တမ်းနှင့် စည်းကမ်းချက်များအတိုင်း ဆက်လက်တည်ရှိစေရမည်။

၄၉။ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းဆောက်ရွက်သည့် အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် မိမိ၏ လုပ်ငန်းကြောင့် ပတ်ဝန်းကျင်ကို မထိခိုက်စေရန် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

၅၀။ ဝန်ကြီးဌာနသည် ကော်မတီ၏ ရုံးလုပ်ငန်းများနှင့် ကုန်ကျစရိတ်များကို တာဝန်ယူ ဆောင်ရွက် ရမည်။ နိုင်ငံ့ဝန်ထမ်းမဟုတ်သော ကော်မတီအဖွဲ့ဝင်များအတွက် သင့်လျော်သည့် ချီးမြှင့်ငွေနှင့်စရိတ် တို့ကို သတ်မှတ်နိုင်သည်။

၅၁။ ဝန်ကြီးဌာနသည် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းတွင် ဘေးအန္တရာယ်လုံခြုံမှုရှိစေရန် လိုအပ်သော သင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲ၊ သရုပ်ပြပွဲနှင့် အစည်းအဝေးများ ကျင်းပနိုင်သည်။

၅၂။ ဤဥပဒေဆိုင်ရာ အခွန်အခများအား လိုင်စင်ထုတ်ပေးသည့် ဝန်ကြီးဌာန၊ အခွန်အခ ကောက်ခံ သည့် ဝန်ကြီးဌာနတို့နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရတို့အကြားမည်သို့ ကောက်ခံခွဲဝေ သုံးစွဲရမည်ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လိုင်စင်ထုတ်ပေးသည့် ဝန်ကြီးဌာနနှင့် အခွန်အခကောက်ခံသည့် ဝန်ကြီးဌာနတို့က အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ရမည်။

၅၃။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ရေနံနှင့်ရေနံထွက်ပစ္စည်းတစ်မျိုးမျိုးနှင့် စပ်လျဉ်း၍ သတ်မှတ်ကာလအတွင်း လိုင်စင်လျှောက်ထားခြင်းမရှိသော၊ လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်း ခံရသော သို့မဟုတ် ပြည်ပသို့ တင်ပို့ခြင်းမပြုသော ရေနံနှင့်ရေနံထွက်ပစ္စည်းတစ်မျိုးမျိုးကို သိမ်းဆည်း ပြီး ထုခွဲခြင်း သို့မဟုတ် အခြားနည်းလမ်းဖြင့် စီမံခန့်ခွဲခြင်းပြုနိုင်သည်။

၅၄။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-

(က) ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နည်းဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများကို ထုတ်ပြန်နိုင်သည်။

(ခ) ဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ကော်မတီသည် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၅၅။ The Petroleum Act. (INDIA Act xxx, 1934) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။